သစ္စာတရား၏ စေရာဖြစ်သော အလွမ်း၏နေရာ

အတိတ်သည် အိမ်မက်ဆန်၏။ သို့မဟုတ် မရှိတော့သည်ကို ရှိသေးသယောင် အဖြစ် အိမ်မက် ပမာ လှည့်စားခြင်း ပင်ဖြစ်သည်။ ထို အတိတ်ကြောင့်ပင် သူသည် ၀မ်းနည်းရမည်လော ၀မ်းသာရည်လော မပြောတတ်ပေ။ သို့သော် ဆွတ်ပျံ့ကြည်နူးလွမ်းဆွတ် မိသည်ကိုမူ သူသိသည်။ တရံတခါတော့ ကြံကြံဖန်ဖန် တွေးမိသည်။ သေခြင်းတရား ဟူသည် မသိနိုင်သော အနာဂတ်ဆီသို့ သယ်ပို့ပေးခြင်းပင်ဖြစ်သည်။ ထို့အတူ သိခဲ့ပြီးသော အတိတ်ဆီသို့ သယ်ပို့ပေးနိုင်သော အရာရှိခဲ့ပါမူ ကောင်းမည်လောဟု...။ မှန်သည် ကောင်းများ ကောင်းမည်လောဟု သူပြောသည် ။ အဘယ်ကြောင့်မူ ကောင်းမည်ဟုလည်း အာမမခံနိုင် ဆိုးမည်ဟုလည်း မသိနိုင်သောကြောင့် ပင်။ အမှန်တော့ အတိတ်သို့လွမ်းဆွတ်ခြင်းဟူသည်မှာ ခံစားမှူပင် ဖြစ်သည်။စိတ်သို့ အစိုးမရခြင်းလည်းဖြစ်သည်။
တိမ်မရှင်းသော်လည်း သာသောလသည် ထိန်ထိန်လင်းစပြုလေပြီ...။သူသည် အနောက်လမ်းရိုးအတိုင်း လျှောက်လာနေ၏။ဆောင်းအကုန်နွေအကူးမို့ နွေဦးကလဲ မပီပြင်သေး။ချမ်းစိမ့်စိမ့်နိုင်ပင် နိုင်သေးတော့၏။ တလောကလုံး အိပ်မောကျနေချိန် တိတ်ဆိတ်လွန်းလှသောကြောင့် လရောင်သည်ပင် ဖြူလွှလွှ မှ ဖြူလျှော်လျှော် ရှိနေလေသည်။
ထိုတိတ်ဆိတ်သော ညကာလတွင် တခါတရံ ကြွေကျသော ရွက်ကြွေများ၏ အသံသာ ကြားရ၏။ တဖြေးဖြေးနှင့် လရောင်သည် ပိုမိုဝင်းလာသောကြောင့် သစ်ရိပ်ကျသော အပိုင်းတို့သည် ပိုမိုမဲမှောင်လာ၏။

ဟော... သူသွားလိုသော လမ်း၏အဆုံးသည် ရောက်လာခဲ့ပြီ။မှန်၏ ဖြူလွှလွှ အရာသည် သူ့အားဆီးကြိုနေ၏။ ဖြူလွှလွှ ဟူသောစကားကို သူသုံးခဲ့တာ နှစ်ခါရှိပြီ၊လရောင်၏ ဖြူလွှခြင်းကိုတော့ အသက်ရှိသော လူသားတိုင်း နှစ်သက်ကြပေလိမ့်မည်။ယခု ဒုတိယမည်သော ဖြူလွှခြင်းကတော့ သေခြင်းတရား၏ အမှတ်တစ်ခုပင်.. လရောင်က သစ်ရွက်ကြားမှ ဖောက်ပြီး အုတ်ဂူထိတ်နံရံ တည့်တည့်ဆီကျနေ၏။ထို့ကြောင့်ပင် အုတ်ဂူဖြူဖြူတွင် ထိုးထားသော စာတန်းကို သူကောင်းစွာ မြင်ရ၏။တစ်ခုတည်းသော စာလုံးကြောင့်လဲ သဲသဲကွဲကွဲ ဖတ်နိုင်၏။
' ဖြူ '
အသက် (၂၁) နှစ်
သူသည် မြေပြင်တွင် ဒူးထောက် ထိုင်ချ၍ စာတန်းကို ဖတ်နေ၏။ မှန်သည် ကြေကြေကွဲကွဲ ဖတ်နေ၏ ဆိုမှ ပို၍ ပြည့်စုံပေလိမ့်မည်။ ငြိမ်သက်လှသော ညကိုငေးရင်း သူလဲငြိမ်နေ၏၊ လူကငြိမ်နေသော်လည်း စိတ်ကမူ ရွက်လွင့်၍နေ၏.။ လှပသော ကာလများတွင် ဖြူ နှင့် သူတို့ကြုံခဲ့ရသော ဆုံခဲ့ရသော ကွဲခဲ့ရသော ညများဆီ သူတောင့်တခဲ့သော အတိတ်ဆီသို့ ခရီးသွားခြင်းသည် စတင်ထွက်ခွာနေသာ ရထားတစ်စင်းကဲ့သို့ပင်.....။

လွန်ခဲ့သော ၁၅နှစ်ခန့် ၁၉၉၉ ခုနှစ်၏ နှစ်ကုန်လများတွင် သူနှင့် ဖြူ တို့ဆုံစည်းခဲ့ရသည်။အညာဒေသ၏ ကျောင်းများထဲတွင် သူတို့ကျောင်းသည် နာမည်ကြီးသည်။ နှစ်စဉ် ဘာသာစုံဂုဏ်ထူးရှင် အများဆုံးထွက်ရာ.. လှပသော စိန်ပန်းပင်ကြီးများ ခရေပင်တန်းနှင့် ဆွယ်တော်လမ်းတို့ ကြောင့်လဲ ဖြစ်သည်။ကျွန်တော်တို့ ကျောင်းသားများမှူ ခရေပင်တန်း၏ ခြေရင်းမှ ဖြတ်စီးဆင်းနေသော စမ်းချောင်းလေးသည်လဲ မြတ်နိုးတွယ်တာ ရာ နေရာများပင်။တနည်းဆိုရသော် ကျွန်တော်တို့ ကျောင်းသည် ကဗျာဆန်သော ပုံပြင်ထဲမှ ကျောင်းလေး ကဲ့သို့ပင်ရှိ၏။သည်စကားကိုကြားလျှင် သူ့သူငယ်ချင်း ထွန်းမောင်က ရီအုံးမည်။
လွမ်းနိုင် သည် ကျောင်းပေါက်ဝမှာပင် စက်ဘီးကိုထားခဲ့ကာ ခရေပင်တန်းဆီ လျှောက်ခဲ့၏၊ ထိုစဉ် သာယာသော သီချင်းသံ ကိုကြားရသည်။ အခါတိုင်း သူလာနေကြ စမ်းရေစီးသံမှ အခြားဘာသံမှ မကြားရ၊ဆွေးဆွေး မြေ့မြေ့သီဆိုနေသော သီချင်းသံကြောင့် ပထမတော့ သူကြောက်သွားသည်၊သို့သော် စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာ လူတွင်သာရှိသည် ဟူသော မြန်မာစာဆရာ၏ စကားကို သတိရသွား သောသူသည် အသံရှင်ရှိရာသို့ ဆက်လျှောက်လှမ်းမိနေတော့သည်။

ဟောတွေ့ပေပြီ၊ချိုသာသော အသံရှင်သည် စွယ်တောရွက်လေးများပေါ်တွင် ခရေပန်းပွင့်လေးများ တင်၍ စမ်းချောင်းအတွင်းမျှောချနေ၏၊ လွမ်းနိုင် သည် အသံရှင်ရှိရာသို့ ထက်သန်စွာ အလောတကြီးသွားသည်။ အသံရှင်သည် လွမ်းနိုင်၏ ခြေသံကို ကြားသည်နှင့် တပြိုင်နက် ခေတ္တတုန်လှုပ်သွားပြီးနောက် ထပြေးလေတော့ သည်။

ပြေးတက်သွားသော အသံရှင်သည် မြေဂမူလေးနှင့် ခလုတ်တိုက်လဲသည်။ပြန်ထရန် ကြိုးပမ်းသော်လည်း ခြေတစ်လှမ်း မလှမ်းနိုင်မှီ ညွှတ်ကျသွား၏၊ လွမ်းနိုင် သည် အသံရှင်အနီးသို့ရောက်သွားပြီ၊ အခုမှ အသံရှင်ကို သေချာစွာ ကြည့်မိသည်၊ သူတို့ ကျောင်းသို့ အရင်တစ်ပတ်ကမှ ပြောင်းလာသော ကျောင်းသူသစ် ဖြစ်သည်၊ သို့သော် ယခုမှ ကျောင်းပြောင်းလာသော်ညားလည်း သူမသည် အိမ်ရှင်ဖြစ်သည်။ မိမိသည်ကား ဧည့်သည်ပင်တည်း။နားရှုပ်သွားပြီ့ထင်...၊လွမ်းနိုင်၏ ဖခင်သည် သည်မြို့တွင် တာဝန်ကျသည်မှာ တစ်နှစ်ခန့်သာရှိသေးသည်။ထို့ကြောင့် သူဒီကျောင်းကိုရောက်သည်မှာလည်း ဒီနှစ်မှပင်ဖြစ်သည်။ သူမကတော့ ယခုမှ ပြောင်းလာသည် ဆိုသော်ညားလည်း သူမတို့ မိသားစုသည် ဒီမြို့၏ လူချမ်းသာများပင်ဖြစ်သည်။ သူမသည် သာ အဘိုးအဖွားများရှိရာ တောင်ကြီးမြို့သို့ ကျောင်းသွားနေပြီး ဒီနှစ်တွင်မှ ပြန်ပြောင်းလာခြင်းပင်။

သူမ၏အမည်ကို သူသိသည်။ ဖြူ... နာမည်နှင့် လိုက်ဖက်အောင် ဖြူဖြူသွယ်သွယ် သော ဖြူ ..ရယ်ပါလေ. ထိုကဲ့သို့ ဖြူ နှင့် သူ ဆုံခဲ့ရသည်။ခြေတောက်နာသွားသော ဖြူ့ကို လိုက်ပို့ရင်းသူနှင့်ဖြူ ခင်မင်ခဲ့ရသည်။
အတိတ်ဆီပြန်သွားရင်း လွမ်းနိုင် မျက်ရည်ကျမိသည်။မျက်ရည်ကျမိပြန်တော့ ချစ်သူပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိပြန်သည်။ "မျက်ရည်ကျတိုင်း ငိုတာမဟုတ်ဖူး ကို".. ဖြူပြောခဲ့ပါလေ၏ ။

ဒီလိုနဲ့ပဲ အထက်တန်းစာမေးပွဲ အောင်စာရင်းထွက်သော နေ့တွင် သုံးဘာသာ ဂုဏ်ထူးကိုယ်စီနှင့် သူတို့ချစ်သူ ဖြစ်ခဲ့ကြသည်။ သို့သော် ချစ်ရပါသော ဖြူ သည် တက္ကသိုလ်မြေသို့ လိုက်မလာနိုင်ခဲ့ပေ၊ လျှို့ဝှက်လွန်းသော ဖြူ တို့ အသိုင်းအ၀ိုင်းကြောင့် ချစ်ရက်များသည် မေတ္တာစာလေးများဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ သို့သော်ညားလည်း ဒုတိယနှစ် စာမေးပွဲကို ဖြေပြီးချိန်မှစ၍ ဖြူ့ထံမှ ပြန်စာများ ကျဲခဲ့သည်။တစ တစ နှင့် စာတိုလေး တစ်ကြောင်းပင် မရခဲ့တော့.။ သူသည်လည်း အကြောင်းကြောင်းကြောင့် ချစ်သူဆီမသွားနိုင်ခဲ့..။ရက်အနည်းငယ်အတွင်း သူ့ရင်ကို ဆို့စေသော စာတစ်ဆောင်ရောက်ရှိခဲ့သည်။ ဖြူ့ ကိုမေ့လိုက်ပါတော့ ဟူသော အကြောင်းပြချက်မပါ ဖြေရှင်းချက်ထုတ်ရန်ခက်သော စာတစ်ဆောင်ပင်.။ထိုစဉ် ဖြူ၏ နဘေးတွင် အခြားအမျိုးသား တစ်ယောက် တွေ့နေရသည်တဲ့ ခင်ရပါသော သူငယ်ချင်းထွန်းမောင်ထံမှ ....

လွမ်းနိုင် စိတ်မနာနိုင်ပါ။ သူကချစ်ရသူပေကိုး.. ပြီးတော့ သူ့အလုပ်တွေကြောင့် ဖြူ တို့မြို့ကိုလည်းမသွားနိုင်ပြန်. ဆေးပင်စင်ယူပြီးသော အဖေကို စောင့်ရှောက်ရင်းဖြင့် သူ့မိခင်၏ လုပ်ငန်းများကို ကြီးကြပ်ရင်း တစ်ဖက် မအားနိုင်ခဲ့.။သို့သော် ယခုတစ်ကြိမ်တော့ ဖြင့် သူရောက်ရှိခဲ့ပြီ.။ချစ်ရပါသော သူ၏ ဖြူ ကိုလဲ သူတွေ့ခဲ့ပြီ။ ဒါပေမယ့် ဖြူ သည် ငြိမ်သက်စွာဖြင့် မနိုးသော အိမ်စက်ခြင်းတွင် အိပ်စက်နေလေပြီတကား...

သူ၏ နောက်ဆုံးရက်များတွင် ဖြူ သည် ထွန်းမောင်ကို အကြောင်းစုံရှင်းပြခဲ့လေသည်။ မြန်မာပြည်တွင် အဖြစ်နည်းသော မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်မျိုးကြောင့် သေရမည့်ရက်က ဖြူ့  ကိုကန့်သတ်ပြီးမှန်း ကြိုသိနေသာ ချစ်သူသည် သူ့ကို စိတ်နာစေရန် မေ့ပြစ်နိုင်ရန် ဖန်တီးခဲ့သော ဇာတ်ပင်. အခုတော့ ပို၍ ကြေကွဲရပါသည်ကော ဖြူ. ပို၍ပင် ဇာတ်နာလေပြီ....

လေရူးက ဝေ့လာ၏၊ များပြားစွာသော သစ်ရွက်များကြွေသံကို ကြားရ၏။ အတိတ်သို့ ရွက်လွင့်ခြင်း သို့မဟုတ် မိန်းမောခြင်းမှ သူသည် နိုးလာ၏။ အုတ်ဂူငယ်ငယ်ကို ထိုးထားသော လရောင်ကြားမှ စာတန်းကို တဖန်ပြန်၍ သူဖတ်နေမိသည်.။
"ဖြူ"
အသက် (၂၁) နှစ်
သူသည် ထိုင်ရာမှ ထရင်း ကြေကွဲစွာရေရွတ်မိ၏။ "နေရစ်ခဲ့ပေအုံးတော့ ဖြူ.. နေရစ်လေတော့...ကိုယ်တော့ သွားရအုံးမည်...
နောက်ဆုံးတော့ လရောင်သည်သာ ရွှန်းရွှန်းမြမြ သာနေပေတော့ပြီတကား.....

Comments

မငုံ said…
သိပ်ကောင်းတဲ့ ၀တ္ဘုလေးးပါ။ ခေါင်းစဉ်လေး ပေးထားတာ လှတယ်။
နောက်ထပ်မျှော်လျက်.
ဒီမယ် ကိုပြည့်ဖြိုးသူများကျတော့ ပြောတတ်လိုက်တာ သူ့ကျတော့ကော အဆုံးထိဆွဲခေါ်သွားတယ် ပြိးတော့ မျက်ရည်ဝဲအောင်လဲ လုပ်သေးတယ် အဟင့် ရွှတ် မီတရားဘူး ပေါင်ချိန်နဲ့တိုင်ကြောမယ် ဘာမှတ်လဲ ဟွင်းးးး
ခေါင်းစဉ်က စ... စာအဆုံး အကုန်ဆွဲခေါ်သွားတယ်...
ဒါနဲ့ မျိုးရိုးလိုက်တဲ့ရောဂါက ဘာလဲ...
ကိုးရီးယားရောဂါ(သွေးကင်ဆာ)လား.. :)

Popular posts from this blog

အဖြစ်ချင်ဆုံးဆန္ဒ

မူလတန်းကျောင်းသားဘဝ

မိတ်ဆွေကောင်း အင်္ဂါ ခုနှစ်ပါး